Raspberry Pi Setup

Raspberry Pi

RPi အတွက် လိုအပ်သော စာရင်း


USB Keyboard နှင့် Mouse (သို့မဟုတ်) Bluetooth Keyboard နှင့် Mouse
SD Card နှင့် Card Reader
Ethernet cable နှင့် Network connection (Option)
Power Supply နှင့် USB cable (5V 2A)

Display
HDMI Cable နှင့် HDMI TV / Monitor
သို့မဟုတ်
TV နှင့် AV + Audio to AV Jack
သို့မဟုတ်
HDMI 2 VGA converter and VGA Monitor

တကယ်လို့ Media Server တွေ File Server တွေဆိုရင်တော့ ကီးဘုတ်တွေ မောက်တွေ အမြဲမလိုပါဘူး။ Setup လုပ်တုန်းပဲ လိုပါလိမ့်မယ်။ Media Server တွေဆိုရင်တော့ Control လုပ်ဖို့ Wifi + iPhone / Android စတာတွေကို သုံးနိုင်သလို USB-IR အသုံးပြုတဲ့ Remote တွေလည်း အလွယ်တကူ ဝယ်ယူ အသုံးပြုနိုင်ပါတယ်။

Power Supply
ပါဝါ ကိုတော့ 5 V, 1 A ထွက်တဲ့ အဒက်ပတာ တခုနဲ့ဆို အဆင်ပြေပါတယ်။ ကိုယ်က Computer လေးအနားမှာပဲ စမ်းမယ်ဆိုရင် USB ကနေ ပါဝါပေးလို့ ရပါတယ်။ အားသွင်းကြိုးကိုတော့ Universal Micro USB ကြိုးနဲ့ဆို အဆင်ပြေပါပြီ။ မကြာခင်က ထုတ်ပြန်ထားတဲ့ ဥရောပ ဥပဒေ မှာ များပြားလှတဲ့ မိုဘိုင်းဖုန်းတွေကို အားသွင်းဖို့ တညီတညွှတ်တည်း သတ်မှတ်ထားတဲ့ စံပဲ ဖြစ်ပါတယ်။ ဒီအတွက် EU က လက်ခံတဲ့ သာမန် အန်းဒရိုက် ဖုန်းအဒက်ပတာ တခုဆို လုံလောက်ပါပြီ။ ဒါပေမယ့် 1 A နဲ့ဆိုရင်တော့ များပြားတဲ့ USB Keyboard USB Mouse USB Hub Ext HDD စတာတွေနဲ့ အဆင်ပြေမှာမဟုတ်ပါဘူး။ Bluetooth Keyboard & Mouse ကတော့ ပါဝါစား ပိုသက်သာစေနိုင်ပါတယ်။

SD Card
SD Card ကိုတော့ Class 4 ဖြစ်ဖို့ ဂရုစိုက်ရမှာ ဖြစ်သလို အနည်းဆုံး 4GB ရှိမှ အဆင်ပြေမှာ ဖြစ်ပါတယ်။ 4GB ထက်ကျော်လွန်မှသာ OS အပြင် ကိုယ် ထပ်မံထည့်သွင်းလိုတဲ့ Application တွေနဲ့ Data တွေအတွက် နေရာလွတ်ရမှာဖြစ်ပါတယ်။ ဒီအတွက် SD Card ကော Card Reader တွေ USB Hub တွေ RPi ကနေ ထည့်သွင်းပေးထားမှာ မဟုတ်ပါဘူး။ ကိုယ့်ဘာသာ ဝယ်ယူရမှာပဲ ဖြစ်ပါတယ်။ မဝယ်သင့်တဲ့ကဒ်ကို မဝယ်မိအောင် http://elinux.org/RPi_SD_cards မှာ သွားပြီး ကြည့်ရှုသင့်ပါတယ်။ တချို့ကဒ်တွေက boot မတက်နိုင်တာမျိုး ရှိပါတယ်။ SD SDHC 4GB ခန့်မှန်း ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်

HDMI / Composite Cable
ဒီနေရာမှာတော့ နည်းနည်း အကုန်အကျ များသွားနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ HDMI TV / Monitor တွေ မရှိခဲ့ဘူးဆိုရင် အဆင်မပြေလို့ပါပဲ။
၁ – HDMI TV / Monitor ရှိခဲ့ရင်တော့ အကောင်းဆုံးပါပဲ။ HDMI ကြိုးပဲ လိုပါမယ်။ ခန့်မှန်းချေ ၁၅၀၀ ကျပ်ကနေ ၃၀၀၀ ဝန်းကျင်နဲ့ ဝယ်ယူနိုင်ပါတယ်။
၂ – DVI Monitor ရှိတယ်ဆိုရင်တော့ HDMI to DVI Converter လေး လိုပါလိမ့်မယ်။ ခန့်မှန်းချေ ကျပ် ၃၅၀၀ ကနေ ၄၅၀၀ အတွင်း ရှိပါတယ်။
၃ – TV ပဲ ရှိတယ်ဆိုရင်တော့ AV ကြိုးနဲ့ Audio Jack 2 Composite ကြိုး လိုပါလိမ့်မယ်။ တကြိုးကို ၁၀၀၀ ကျပ် မကျော်ပါဘူး။
၄ – VGA Monitor ပဲရှိတယ်ဆိုရင်တော့ HDMI 2 VGA Converter လိုပါလိမ့်မယ်။ ၉၅၀၀ ကျပ်လောက် ပေးရမှာဖြစ်ပြီး အသံလဲ ထွက်မှာ မဟုတ်ပါဘူး။ အဆင်လဲ သိပ်မပြေလို့ ဒီလိုသုံးမယ်ဆို သေချာ စဉ်းစားသင့်ပါတယ်။

OS (Operating System)
ကျွန်တော်တို့ သုံးနေတဲ့ Windows / Linux / Mac / Android စတာတွေဟာ OS တွေပါပဲ။ OS တွေဟာ စေခိုင်းချက်တွေကို သူ့ Hardware တွေဆီက တစ်ဆင့် လက်ခံရယူနိုင်ပါတယ်။ Output မျိုးစုံကို ပို့လွှတ်ပေးနိုင်ပါတယ်။ Output ဆိုတာ အချက်ပြမီးတစ်လုံး ဒါမှမဟုတ် စပီကာက အသံတစ်ခု Monitor တစ်ခု ဖြစ်နိုင်သလို Network လဲဖြစ်နိုင်ပါတယ်။ တကယ်လို့ OS မပါခဲ့ရင် အဲဒီ ကွန်ပျုတာဟာ ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။
သာမန်ကွန်ပျုတာ တစ်ခုဟာ ပုံမှန်အားဖြင့် OS ကို Hard Drive ထဲမှာ သိမ်းဆည်းထားပြီး စက်ဖွင့်ချိန်တိုင်းမှာ RAM ထဲကို OS ကိုဆွဲခေါ်ရပါတယ်။ စဖွင့်ရင် Hard Disk ထဲက ခေါ်ယူပြီး ပိတ်သိမ်းပြီဆိုရင်လည်း Hard Disk ထဲမှာ သိမ်းပါတယ်။ ဒါပေမယ့် RPi မှာတော့ Hard Disk မပါလာပါဘူး။ Hard Disk အစား SD Card ကို သုံးထားပါတယ်။ ကျန်တဲ့ အလုပ်လုပ်ပုံတွေကတော့ တူတူပါပဲ။
ဒီနေရာမှာ ကျွန်တော်တို့ဟာ ကွန်ပျုတာ အကြီးအသေး ဘာဝယ်ဝယ် OS ပါပြီးသားလို့ သိထားကြပါတယ်။ RPi ကို ဒီတိုင်း သွားဖွင့်မယ်ဆိုရင်တော့ ဘာ OS မှ တက်လာမှာ မဟုတ်ပါဘူး။ သိပ်ပြီး အံ့သြစရာ မရှိပါဘူး။ ကျွန်တော်တို့ လက်ရှိ သုံးနေတဲ့ Windows / Linux / Mac နဲ့တင် RPi အတွက် OS ထည့်ထားတဲ့ SD Card တစ်ခု ဖန်တီးယူနိုင်ပါတယ်။

Adafruit Pi OS

RPi OS
RPi အတွက် OS ကို သူ့ဆိုက်မှာ တရားဝင် အခမဲ့ ပေးထားတာတွေ ရှိပါတယ်။ အချို့သော စမ်းသပ်ဗားရှင်းတွေကိုလည်း ဂူးဂယ်သုံးပြီး ရှာဖွေနိုင်ပါသေးတယ်။ သူနဲ့ အကိုက်ညီဆုံး OS တွေကိုတော့ http://www.raspberrypi.org/downloads မှာ သွားရောက် ရယူနိုင်ပါတယ်။ သူတို့ အသိအမှတ်ပြု ထုတ်ပေးထားတာတွေထဲက အကောင်းဆုံးကတော့ wheezy လို့ခေါ်တဲ့ Debian Distro ပါပဲ။ ဖိုင်ဆိုက်က ၄၀၀ မက်ဂါဘိုက် ကျော်မှာဖြစ်လို့ ဆွဲရ ကူးရ အဆင်မပြေရင် ကျွန်တော်တို့ကို ဆက်သွယ်ပြီး လာယူနိုင်ပါတယ်။ ပြီးရင်တော့ 4GB ရှိတဲ့ SCHC SD Card ရယ် SD Card Reader ရယ်လိုအပ်လာပါပြီ။ ပထမဆုံး Download လုပ်ထားတဲ့ ဖိုင်က zip ဖိုင်ဖြစ်မယ်ဆိုရင် ဖြည်ချလိုက်လို့ရပါတယ်။ အဲတာဆိုရင် အထဲက ထုတ်လုပ်ထားတဲ့ ရက်စွဲနဲ့ img ဖိုင် တခုကို တွေ့ရပါလိမ့်မယ်။ အဲဒီ img ဖိုင်ကို ကျွန်တော်တို့ SD Card ထဲကို Write လုပ်ရမှာဖြစ်ပါတယ်။ Copy and Past တို့ Drag လုပ်ရမှာတို့ မဟုတ်ပါဘူး။

SD Card Writer
ဒီနေရာမှာ ကျွန်တော်တို့ ဘယ် OS သုံးထားလဲဆိုတာပေါ်မူတည်ပြီး ဆော့ဝဲတွေ သုံးရတာ တူမှာ မဟုတ်တော့ပါဘူး။ Windows ဆိုရင်တော့ Win32DiskImager ကို သုံးရမှာ ဖြစ်ပါတယ်။ Linux နဲ့ Mac ဆိုရင်တော့ dd ဆိုတဲ့ Command တစ်ခုကို သုံးရုံနဲ့ အဆင်ပြေပါတယ်။ ဖိုင်ကို Download လုပ်ပြီး ဖိုင်ဆိုက်ကို တိုက်ဆိုင် စစ်ဆေးတဲ့ sha1sum ဆိုရင်လည်း Windows အတွက် Download ပြုလုပ်ရမှာ ဖြစ်ပြီး Linux (Ubuntu) မှာတော့ တခါတည်း ပါပြီးသားပဲ ဖြစ်ပါတယ်။ zip ဖိုင်ကိုမဖြေချခင်မှာ sha1sum နဲ့ တိုက်စစ်လိုက်လို့ရပါတယ်။ အဲတာဆိုရင် ဖိုင်ဆိုက်မပြည့်လို့ OS ကောင်းကောင်း အလုပ်မလုပ်တာကို ရှောင်လွှားနိုင်ပါလိမ့်မယ်။

Windows အတွက် Win32DiskImager ကို http://bit.ly/Dh2nE ကနေ download ရယူနိုင်ပါတယ်။
SD Card ကို SD Card Reader မှာ တပ်ပြီး Format ချထားသင့်ပါတယ်။ ပြီးခဲ့ရင်တော့ Win32DiskImager ကနေ raspberrypi img ဖိုင်ကို Write လုပ်ပါမယ်။ အရမ်းလွယ်ပါတယ်။ Image ဖိုင်နေရာမှာ img ဖိုင်ကို ရွေးပေးထားရမှ ဖြစ်ပြီး Device နေရာမှာတော့ D: ဖြစ်စေ E: ဖြစ်စေ SD Card ရဲ့ စသည်ဖြင့် Letter ကို ရွေးပေးရမှာဖြစ်ပါတယ်။ Write ကိုနှိပ်ပြီး ပြီးဆုံးမယ့် အချိန်ကို စောင့်နေရုံပါပဲ။ ပြီးရင်တော့ OS ထည့်သွင်းထားတဲ့ SD Card ကို ရပါပြီ။

Linux အတွက်တော့ ဘာမှ ထပ် Download ရယူစရာမလိုပါဘူး။ တချို့ root ခွင့်ပြုချက်လိုတဲ့ command တွေ သုံးမယ်ဆိုရင်တော့ Super User Do ဆိုတဲ့ sudo ကို ရှေ့က ထားသုံးရပါလိမ့်မယ်။ ပထမဆုံး SD Card ကို Reader မှာ တပ်ထားပြီး သိမသိ စမ်းဖို့လိုပါတယ်။ အဲဒီအချိန်မှာ ရှုပ်ထွေးမှု မဖြစ်အောင် အခြား SD Card တွေ USB Stick တွေကို ဖြုတ်ထားသင့်ပါတယ်။

sudo fdisk -l နဲ့ ကြည့်ထားရမှာဖြစ်ပြီး အဲဒီမှာ Windows မှာ C: တွေ D: E: တွေ ပေါ်သလိုပဲ sda sdb စသည်ဖြင့် မှတ်သားထားရမှာပါ။

ဖိုင်ဆိုက်စစ်ဖို့ sha1sum ကော ဖိုင်ကို SD Card မှာ ရိုက်ဖို့ dd ကော ပါပြီးသားပါ။ dd ကို သုံးမယ်ဆို sudo နဲ့ တွဲသုံးရပါမယ်။
sudo dd bs=1MB if=~/Download/raspbiran.img of=/dev/sdb


sudo ကတော့ super user do ပါ။ dd ကတော့ Disk Drive ကို Copy သို့မဟုတ် Convert လုပ်နိုင်ပြီး ဒီမှာတော့ write လုပ်တဲ့ command ပါ။ bs ကတော့ dd ရဲ့ byte အတွက် သတ်မှတ်ပေးတာ ဖြစ်ပြီး 1MB မှာ MB ကို အကြီးနဲ့ ရေးပေးရပါမယ်။ if ကတော့ input file ကိုရွေးပေးရမှာပါ။ of ကတော့ stdout အတွက် output ပေးမယ့် sd card ကို ရွေးပေးရမှာ ဖြစ်ပါတယ်။

Enter ခေါက်ပြီးတာနဲ့ password တောင်းတဲ့ promt ကို တွေ့ရမှာပါ။ ဒီနေရာမှာတော့ ကျွန်တော်တို့ Linux မှာလုံခြုံရေးအရ Password ဘယ်နှစ်လုံးဆိုတာ မှတ်လို့မရအောင် လုပ်ထားလို့ *** ဆိုတာမျိုး asterisk တွေက အစ မပေါ်ပါဘူး။ ကိုယ့်ဘာသာ Password တွေကို မှန်အောင် ရိုက်ပြီး Enter ပဲ ခေါက်လိုက်ပါ။ မကြာခင်မှာပဲ Write Speed / Write Time / records in / out တွေနဲ့ ပြီးဆုံးကြောင်း ပြသပါလိမ့်မယ်။

ဒါဆိုရင်တော့ OS ထည့်ထားတဲ့ SD Card တစ်ခုကို ရရှိပါပြီ။ RPi မှာ SD Card တပ် USB Keyboard Mouse တပ် Display တပ်ပြီးတော့ ပါဝါကြိုး ထိုးလိုက်ရင် RPi မှာ OS ကို Setup လုပ်ခိုင်းတဲ့ Screen ကို စမြင်ရပါလိမ့်မယ်။ ဒါဆိုရင် SD Card Setup လုပ်တဲ့အပိုင်းတော့ ပြီးပါပြီ။

မကြာခင် အခြား Advance Step တွေ ရေးပေးပါ့မယ်။

 

 

Leave a Reply

Back To Top