Skip to content
philosophy

Ubuntu Philosophy

Negative

Contributor

3 min read

Ubuntu Philosophy နဲ့ပတ်သတ်ပြီး အစကတော့ သေသေချာချာသတိထားမိခြင်းမရှိခဲ့ဖူးပါဘူး Ubuntu 12.04 Manual Guide အတွက် ကိုယ်တာဝန်ယူလိုက်ရတဲ့ အပိုင်းမှာပါတော့ ဟိုရှာဖတ်ဒီရှာဖတ်လုပ်ရင်း စိတ်ဝင်စားဖို့ကောင်းတာတွေတွေ့လာရပါတယ် ခပ်လွယ်လွယ်ပြောရရင်တော့ လူသားဆန်မှုပေါ့ အချင်းချင်းကူညီရိုင်းပင်းမယ် တစ်ယောက်အခက်အခဲကို တစ်ယောက်ကူညီမယ် ဒီလိုဆိုရင် ကမ္ဘာကြီးသာယာလှပနေမယ် အင်း နည်းနည်းလည်းပိုပြီး အကျယ်ချဲ့ပြီး နားလည်အောင်လုပ်လိုက်ကြရအောင်

Ubuntu ဆိုတဲ့စကားလုံးက တောင်အာဖရိက ဘာသာစကားတစ်ခုထဲက လာတာမဟုတ်ပါဘူး ဇူလူး, Xhola ,Bantu , ဇင်ဘာဘွေ အပြင် နိုင်ငံတော်တော်များများမှာ ရှိတဲ့စကားလုံးပါ အဓိပ္ပာယ်တော့ ”humanity towards others,”  နဲ့ “the belief in a universal bond of sharing that connects all humanity.” လို့ဖြစ်ပါတယ် အဓိပ္ပာယ်ကတော့ ဆင်တူယိုးမှားလေးတွေပါပဲ သူတို့တောင်အာဖရိက ဘက်မှာ အလွန် ကျော်ကြားတဲ့ ဒဿနိကဆိုင်ရာ အတွေးအခေါ်ပညာရပ်ဖြစ်ပြီး ubuntuism ဆိုပြီးတောင်ရှိပါသတဲ့ဗျာ Ubuntu အတွေးအခေါ်ပညာရှင်လို့ခေါ်ရမယ်
Stanlake J. W. T. Samkange (1922–1988) လို့ခေါ်တဲ့ ဇင်ဘာဘွေ Ubuntu အတွေးအခေါ်ပညာရှင် ကတော့ Ubuntu Philosophy နဲ့ပတ်သတ်ပြီး အခုလိုရှင်းပြထားပါတယ်

လူတစ်ယောက်ရဲ့ တည်ရှိမှု ဖြစ်တည်မှု စွမ်းဆောင်ချက်တွေကို ကျန်တဲ့သူတစ်ဦးက အသိအမှတ်ပြုမယ် ကျန်လူရဲ့ ရပ်တည်မှု ဖော်ပြချက်တွေကိုလည်း အခြားလူတစ်ဦးက လေးစားမယ် ဒီလိုနဲ့လူသားအချင်းချင်းကြားမှာ ပိုမိုကောင်းမွန်တဲ့ Network တစ်ခုဖြစ်လာမယ်
တကယ်လို့ ပိုက်ဆံ ငွေကြေးမှု ဂုဏ်ပကာသန ဒါမျိုးတွေနဲ့ လူသားတစ်ယောက်ရဲ့ ဘဝနဲ့ ရွေးချယ်ရမယ်ဆိုရင်တော့ လူတစ်ယောက်ရဲ့ ဘဝပဲဖြစ်ရလိမ့်မယ်

သူပြောသွားတာကတော့ အခြေခံသဘောတရားကိုဆိုလိုသွားတာပါ တကယ်တော့ Ubuntu အတွေးအခေါ်ဟာ နိုင်ငံရေး ဘာသာရေး နှင့် လူ့ဘောင်အဖွဲ့အစည်းတွေအပေါ်မှာ သက်ရောက်မှုတွေလည်းရှိပါသေးတယ်

Religious Aspect of Ubuntu: လူတန်းစားအမျိုးမျိုး ယဉ်ကျေးမှုအမျိုးမျိုးနဲ့ အာဖရိကန်တွေကြားမှာ Ubuntu ဟာ ဘာသာရေးဆိုင်ရာ အဓိပ္ပာယ်တွေအများကြီးပါဝင်နေတဲ့ အတွေးအခေါ်တစ်ခုပါ အမျိုးမျိုးသော ဘာသာတရား
တွေကိုကိုးကွယ်ကြတဲ့ အာဖရိကန်တွေရဲ့ ယုံကြည်မှုတွေကို ခြုံကြည့်လိုက်ရင် လူသားတစ်ယောက်မှာ ကိုယ်စောင့်နတ်ရှိတယ် ဘေးအန္တရာယ်တစ်ခုခု ကြုံတွေ့လာပြီဆိုရင် အကယ်၍ ကိုယ်စောင့်နတ်ကို ဦးတည်ပြီး တိုင်တည်လိုက်ရင် ကိုယ်စောင့်နတ်က လမ်းပြပါလိမ့်မယ် ဒီလိုလမ်းပြဖို့အတွက် ကိုယ်စောင့်နတ်ကို အလေးထားရမယ် သဘောကတော့ ကိုယ်ကျင့်တရားကို အလေးထားရမယ်ပေါ့ ဒီလို အလေးထားတဲ့အပြင် မိမိ ပတ်ဝန်းကျင် မိမိလူ့ဘောင် အပါအဝင် မိမိလူ့ဘောင်က လူသားတွေကိုပါ လေးစားရမယ် မထိခိုက်မစော်ကားရဘူး ဆိုတဲ့ အကြောင်းအချက်အလက်များကြောင့် Ubuntu အတွေးအခေါ်ဟာ ယင်းတို့ရဲ့ဘာသာတရားတွေမှာ အလွန်သြဇာအာဏာရှိပါတယ်

Political Aspect of Ubuntu: တောင်အာဖရိကရဲ့ အသားအရောင်ခွဲခြားမှု စနစ်တွေအပြီးမှာ Ubuntu ဟာ လူထုရဲ့  အင်အားကို စုစည်းဖို့ အတွက် နိုင်ငံရေးမှာ အသုံးအများဆုံး စကားလုံးတစ်လုံးဖြစ်လာပါတယ်
၁၉၉၇ ဖေဖော်ဝါရီ ၁၉ မှာပြုလုပ်တဲ့ လူထု ဆန္ဒပြပွဲကြီးမှာ စက္ကူဖြူစာတမ်းတစ်ခုထွက်ရှိလာပြီး အဲ့ဒီ့ စာတမ်းရဲ့ အခန်း ၂ အချက် နံပတ် ၂၄ မှာ Ubuntu Policy နဲ့ပတ်သတ်ပြီး
“ဆင်းရဲမွဲတေမှုတွေကိုကျော်ဖြတ်ဖို့ လူထုဟာစည်းလုံးနေဖို့လိုပါတယ် ဒီလိုစည်းလုံးဖို့အတွက်                    မိမိတု့ိရဲ့အဖွဲ့အစည်းအပေါ် အလေးအနက်ထားရမယ် တစ်ဦးဦးကို တစ်ဦး ရိုသေလေးစားမှုနဲ့  အလုပ်လုပ်ကြရမယ် ဒီလိုလုပ်မှသာတစ်ဦးနဲ့ တစ်ဦး တန်ဖိုးထားလာပြီး လူ့ဘောင်ဟာလည်း  တန်ဖိုးရှိလာကာ စည်းလုံးနေမယ် ဖြစ်တယ် တကယ်တော့ Ubuntu ဆိုတာ လူသားတွေထဲက  လူသားဆိုတာကို ဆိုလိုတာပါ ( Ubuntu means that people are people through other people ) ” တဲ့

အာဖရိကန် လူ့အဖွဲ့အစည်းမှာ Ubuntuအတွေးအခေါ်တွေဟာ လွန်စွာ သြဇာအာဏာ ကြီးမားမှုရှိတဲ့ အတွေးအခေါ်တစ်ခုဖြစ်ပြီး ဘာသာတရားလို အဖိုးတန် အရာတစ်ခုတောင်ဖြစ်နေပါသတဲ့ Ubuntu Philosophy အကြောင်းဖတ်ပြီးမှ Ubuntu ကိုသုံးစွဲရတာ ပိုမိုဂုဏ်ယူလာရပါတယ် နောက်ပိုင်းလည်း ရှာဖတ်ပြီး မျှဝေပေးပါဦးမယ်

TaggedUbuntu Philosophy